ကျွန်းစု အောက်တိုဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ရေအားနှင့် စက်သုံးဆီအသုံးပြု၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် သယံဇာတေရးရာဝန်ကြီး ဦးခင်မောင်မြင့်တို့က ယနေ့ နံနက် (၈) နာရီအချိန်က ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ အသေးစားရေအားလျှပ်စစ်စက်ရုံသို့ ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အသေးစားရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားထုတ်လွှတ် ဖြန့်ဖြူးပေးနေမှု အခြေ အနေများ၊ ရေပိုက်လိုင်းအသစ်များ တပ်ဆင်မည့် မြေနေရာလမ်းကြောင်းများနှင့် ကျွန်းစုရေလှောင် တမံတွင် ရေသိုလှောင်ထိန်းသိမ်းထားနိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးများက လိုအပ်သည်များကို မှာကြားခဲ့သည်။
ထိုနောက် အဆိုပါကျေးရွာရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီမှ ဆောင်ရွက်နေသည့် ခေတ်မီရေငန်ပုဇွန်မွေးမြူရေး လုပ်ငန်းခွင်သို့ သွားရောက်၍ ရေငန်ပုဇွန်များ မွေးမြူထုတ်လုပ်နေသည့် အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)