သရက်ချောင်းမြို့နယ်တွင် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သရက်ချောင်း အောက်တိုဘာ ၂၁

အစဉ်အလာမပျက် နှစ်စဉ်ကျင်းပပြုလုပ်သည့် သရက်ချောင်းမြို့နယ် ဌာနဆိုင်ရာစုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပ လျက်ရှိရာ ယခုနှစ်တွင်လည်း ဌာနဆိုင်ရာများစုပေါင်း၍ စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အစည်းအဝေးခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း၊  ဘာသာရေးအခမ်း အနားဖြစ်သောကြောင့် မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ စည်စည်ကားကား ဖြစ်အောင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သံဃာ့တော်များကြိုဆိုပင့်ဆောင်ရမည့် ကိစ္စရပ်များ၊ ပဒေသာပင်လှည့်လည်ပူဇော်ရမည့် ကိစ္စရပ်များ၊ ကျွေးမွေးဧည့်ခံရမည့် ကိစ္စရပ်များ၊ ပဒေသာပင်များအား မဲဖောက်ပေးရမည့် ကိစ္စရပ်များနှင့် ပို့ဆောင်ရမည့် ကိစ္စရပ် များအား ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြား သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက အခမ်းအနားပြင်ဆင်ရေး၊ ဘဏ္ဍာငွေဆိုင်ရာနှင့် ပဒေသာပင်လှူဒါန်းရေးဆိုင်ရာ လုပ်ငန်း၊ သံဃာ့တော်များ ပင့်ဆောင်ရေး၊ ပဒေသာပင်များ နေရာချထားရေး၊ ထိန်းသိမ်းရေးနှင့် ပို့ဆောင်ရေးလုပ်ငန်း၊ ဖိတ်ကြားရေး စသည့်များကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နန်းခလိုက် (သရက်ချောင်း)