ဘားအံ အောက်တိုဘာ ၂၁
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ဆုရရှိခဲ့သူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုသည့် အခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
နေပြည်တော်၌ အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့ထိကျင်းပခဲ့သည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) တွင် ကရင်ပြည်နယ်မှ ပြိုင်ပွဲဝင် ၉၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆု ၁၀ ဆု၊ ငွေတံဆိပ် ၄ ဆု၊ ကြေးတံဆိပ် ၅ ဆု၊ နှစ်သိမ့်ဆု ၁ ဆု၊ စုစုပေါင်းဆုတံဆိပ် ၂၀ ဆုကို ဆွတ်ခူးရရှိခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုအနက် အဆင့်(၅)ရရှိခဲ့ကာ ပြည်နယ်(၇)ခုအနေဖြင့် အဆင့်တစ်နေရာတွင် ရရှိခဲ့ခြင်းဖြစ်သည်။
ထပ်ဆင့်ဂုဏ်ပြုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပြိုင်ပွဲများ ကျင်းပ၍ ဆန်ခါတင်ရွေးချယ်ထားသော အနုပညာရှင်များ၊ မျိုးဆက်သစ်ပြိုင်ပွဲဝင်များ၊ နည်းပြများ၊ ကြီးကြပ်အုပ်ချုပ် သူများဖြင့် ဗဟိုအဆင့်ပြိုင်ပွဲကို ဘာသာရပ်စုံ၊ အတန်းစုံ၊ နေရာစုံမှ သွားရောက်ယှဉ်ပြိုင်စေခဲ့ပြီး ဆုတံဆိပ်များ ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိနိုင်ခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကရင်ပြည်နယ်အနေဖြင့် မိမိတို့နိုင်ငံ၊ လူမျိုး၊ အမျိုးသား ယဉ်ကျေးမှုဂုဏ်သိက္ခာနှင့်တန်ဖိုးကို အလေးထားမြတ်နိုးပြီး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်အောင် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေနှစ်များကို မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းအမွေအဖြစ် ဆက်လက်ထိန်းသိမ်းနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကရင်ပြည်နယ်ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပုံများအား ရှင်းလင်းပြောကြားကာ ပြိုင်ပွဲဝင်များကိုယ်စား ရွှေတံဆိပ်ဆုရ ပြိုင်ပွဲဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ဆုရရှိခဲ့သူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများအား အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲဗဟိုအဆင့်တွင် ဆုရရှိခဲ့သူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)