လိပ်သိုမြို့တွင် ဆီဖူလုံရေးနေကြာစိုက်ပျိုးရန် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

လိပ်သို  အောက်တိုဘာ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဆောင်းရာသီဆီထွက်သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားအား  ယမန်နေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

အခမ်းအနားတွင် လိပ်သိုမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ဆောင်းသီးနှံနေကြာ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရန်အတွက်  ကျေးရွာအုပ်ချုပ်ရေးမှူးများက  မိမိတို့ကျေးရွာ အလိုက် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်ပြောကြားသည်။

ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးလင်းအောင်က  မိမိတို့ဒေသတွင် ရှေးယခင်ကပင် နှစ်ရှည်ဥယျာဉ်ခြံသီးနှံများကိုသာ အဓိကထားစိုက်ပျိုးကြကြောင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးမှုလွန်စွာမှ နည်းပါးကြောင်း၊ ယခုအခါတိုးတက်များပြားလာသော လူဦးရေနှင့်အညီ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်လိုအပ်ကြောင်း၊ မြေပဲအပြင် နေကြာသီးနှံကိုစိုက်ပျိုးကြရန် တောင်သူများအား ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့များအား အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တောင်သူများက သိရှိလိုသည်များအား မေးမြန်းကြရာ မြို့ဦးစီးမှူးက နေကြာသီးနှံ စိုက်စနစ်များအကြောင်း၊ အပင်အား ပြုစုထိန်းသိမ်းခြင်းအကြောင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များအကြောင်းကို ပြန်လည်ရှင်းလင်းဖြေကြားပြီး တောင်သူများအား စိုက်ပျိုးရေးအသိပညာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)