မကွေးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၃၂၅၈၆)စုတို့ အတွက် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

မကွေး     စက်တင်ဘာ      ၁၈

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စု တစ်စုလျင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲ အချိန်က မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မကွေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးကျော်ဌေးနှင့် ဒေါ်ခင်ချိုလတ် တို့က နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများအပေါ် ရသင့်ရထိုက်သည့် အိမ်ထောင်စုများသာ ရရှိစေရန် ကိစ္စများနှင့် စပ်လျဉ်း၍ အမှာစကား အသီးသီးပြောကြားပြီး၊ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က နိုင်ငံတော်မှ ထောက်ပံ့မည့်ကိစ္စနှင့် ပတ်သက်၍ တာဝန်ယူ၊တာဝန်ခံမှုစနစ်ဖြင့် ဖြန့်ဝေထောက်ပံ့ပေးသွားရန်၊ အခြားမလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးရန်၊ သက်ဆိုင်ရာ အခြေခံအိမ်ထောင်စုများထံ အလျင်အမြန် ပြည့်ဝစွာ ထောက်ပံ့ရန်၊ မည်သည့်အကြောင်းနှင့်မျှ အလှူခံခြင်းမပြုလုပ်ရန်နှင့် စရိတ်ဖြတ်တောက် ခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ရန်တို့ မှာကြားကာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။

မကွေးမြို့နယ်တွင် မြို့နယ်အတွင်း ဖြန့်ဝေထောက်ပံ့မည့် ရပ်ကွက်/ကျေးရွာအုပ်စု(၇၆)အုပ်စု မှ အိမ်ထောင်စု(၃၂၅၈၆)စု တို့အတွက် ထောက်ပံ့ငွေကျပ်(၆၅၁၇၂၀၀၀၀/-)အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ အခြေခံ အိမ်ထောင်စုများထံ အလျင်အမြန် ပြည့်ဝစွာ ဖြန့်ဝေထောက်ပံ့ပေးနိုင်ရေး ဖွဲ့စည်းတာဝန် ပေးထားသည့် ဌာနဆိုင်ရာကြီးကြပ်အဖွဲ့များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)