ကန့်ဘလူ အောက်တိုဘာ ၂၁
ရပ်ကွက်နေပြည်သူများ နေ့စဉ်လူနေမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီနှင့်အခြားစားသောက်ကုန်များကို ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများအဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများက ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီ၊ ငါးခြောက်နှင့်ကြက်ဥ တို့ကို ရောင်းချပေးခြင်းဖြစ်သည်။
အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ဆန်တစ်ပြည်၊ ဆီ ၁၀ ကျပ်သား၊ ငါးခြောက် ၂၀ ကျပ်သားနှင့်ကြက်ဥ ငါးလုံး စသည့်ပစ္စည်း လေးမျိုးတို့အား ၃၀၀၀ ကျပ်ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အခြေခံစားသောက်ကုန်များ လာရောက်ဝယ်ယူကြသည့် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ် ဆေးများကိုထိုးနှံပေးပြီး ရောဂါဝေဒနာရှင်များအလိုက် စမ်းသပ်စစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းနှင့် ကုသပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)