ဘိုကလေး အောက်တိုဘာ ၂၀
စာပေအသိပညာ တိုးတက်ပြန့်ပွားစေရေးအတွက် အချိန်မအားလပ်၍ စာကြည့်တိုက်သို့ လာရောက်ကာ စာအုပ်စာပေများ ငှားရမ်းမဖတ်ရှုနိုင်ခြင်း မဖြစ်စေချင်သော ရည်ရွယ်ချက်နှင့်အတူ ကျောင်းအားလပ်ချိန် ပြင်ပဗဟုသုတများ ရှာဖွေမှီငြမ်းနိုင်စေရန် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်(၁၁)နာရီခွဲအချိန်တွင် ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ သဒ္ဓမ္မပါလ ပညာဒါနကျောင်းသို့ အရောက်သွား၍ နယ်လှည့်စာငှား လုပ်ငန်းများဆောင်ရွက် ပေးခဲ့သည်။
နယ်လှည့် စာငှားပေးရာတွင် သဒ္ဓမ္မပါလ ပညာဒါနကျောင်းရှိ ကျောင်းသား/သူများအား ဒဿနိကဗေဒ ဆိုင်ရာစာအုပ်များ၊ ဘာသာအယူဝါဒ စာအုပ်များ၊ ဘာသာစကားဆိုင်ရာ စာအုပ်များ၊ လူမှုရေးသိပ္ပံနှင့်အသုံးချသိပ္ပံ ဆိုင်ရာစာအုပ်များ၊ အနုပညာရပ်ဆိုင်ရာ စာအုပ်များအပြင် မဂ္ဂဇင်း၊ ဝတ္ထုနှင့် ရုပ်ပြစာအုပ်များအား ခင်းကျင်းငှားရမ်းပေးခဲ့ကြောင်းနှင့် ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် အနေဖြင့် အပတ်စဉ်တိုင်း ဌာနဆိုင်ရာရုံးများ၊ စာပေဝါသနာရှင်များနှင့် အခြေခံပညာ ကျောင်းများထံသို့ အရောက်သွား၍ အဆိုပါနယ်လှည့်စာငှားခြင်း လုပ်ငန်းအား ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)