ဝန်းသိုမြို့နယ် ခပ်ချိုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ စတုတ္ထအကြိမ်မြောက် ထုတ်ချေး

ဝန်းသို စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဆင်းရဲသော မိသားစုများ ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း(၃၅)ရွာ၊ (၂၁)ယူနစ်ဖြင့်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀နာရီအချိန်က ခပ်ချိုကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း စတုတ္ထအကြိမ်‌မြောက် ချေးငွေထုတ်ချေးပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ထုတ်ချေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှုး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဦးတင့်ဆွေတို့က ကိုဗစ်-၁၉ကာလ ကျန်းမာ ရေးညွှန်ကြားချက်နှင့်အညီ စနစ်တကျဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်သူ ၅၁ ဦး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ ၁၄ဦး၊ အသေးစားရောင်းဝယ်ရေး လုပ်ငန်းဆောင်ရွက်သူ နှစ်ဦးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆောင်ရွက်သူ တစ်ဦးတို့ကို မြစိမ်းရောင် ကျေးရွာစီမံကိန်းချေးငွေကျပ် ၃၉၅ သိန်းအား အတိုးတစ်ကျပ်နှုန်းဖြင့် ပြန်လည်ထုတ်ချေးပေးခဲ့သည်။

ခပ်ချိုကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ သုံးနှစ်ပြည့်ကာလတွင် အရင်းမပျောက်မတည်ရန်ပုံငွေကျပ် သိန်း ၃၀၀အပြင် အတိုးရငွေကျပ် ၁၉၅သိန်းကျော် စု‌ဆောင်ရရှိနေပြီဖြစ်ကြောင်း၊ အတိုးရငွေ ၅၀ရာခိုင်နှုန်းဖြင့် ရွာတွင်း လျှပ်စစ်မီးတိုင်များကို ကွန်ကရစ်မီးတိုင်များဖြင့် အစားထိုးလဲလှယ်ဆောင်ရွက်ရန် တင်ပြထားကြောင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ရန်ပုံငွေကြီးကြပ်မှုကော်မတီ  ဦးညွှန့်ဝေထံမှ သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)