ကျောက်တံခါး အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာ မူလတန်း(လွန်)(ဆနွင်းမြောင်)ကျောင်းတွင် ယမန်နေ့က “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်က ကျောင်းသူလူငယ်များ အနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်စေရန်၊ ရည်မှန်းချက်များ ထားရှိတတ်ကြစေရန်၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားများပြုလုပ်ဆောင်ရွက်နိုင်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိပြီးရှောင်ကြဉ် ကြရန်စသည့်ဖြင့် အမှာစကား ပြောကြားခဲ့သည်။
ဟောပြောပွဲတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားမှူး ဒေါ်နုနုခင်က “မူးယစ်ဆေးဝါးပပျောက်ရေး အားကစားနှင့်ကုသပေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးနောက် အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူ ခဲ့သည်။
ဆက်လက်၍ နည်းစနစ်မှူး ဒေါ်မိုးသူဇာက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများအား သရုပ်ပြကစားပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက လိုက်ပါကစားခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)