လှိုင်းဘွဲ အောက်တိုဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ (၂၀၁၉-၂၀၂၀)၊ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်နှင့် (၁.၁၀.၂၀၂၁)မှ(၃၁.၃.၂၀၂၂)ရက်နေ့အထိ စာရင်းကာလအတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးလင်းခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်ဆုယဉ်မြင့်က ကရင်ပြည်နယ်အတွင်း သမဝါယမဦးစီးဌာနမှ ချေငွေးဆောင်ရွက်နေသည့်လုပ်ငန်းများ၊ အသင်းစုများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ အခက်အခဲများ၊ အားသာချက်များ၊ အသင်းစုများပိုမိုတော့တင်းအောင်ဆောင်ရွက်ခြင်း၊ ပိုမိုအောင်မြင်လာအောင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် လှိုင်းဘွဲမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်ထူးက လှိုင်းဘွဲမြို့နယ်အတွင်း သမဝါယမအသင်းစု၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ရည်ရွယ်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်သမဝါယမအသင်းစု လီမိတက် အတွင်းရေးမှူး ဦးမြသွေးနှင့် အဖွဲ့ဝင်ဦးဌေးဝင်းတို့က ဒါရိုက်တာအဖွဲ့မှ တင်သွင်းသည့် အစီရင်ခံစာများနှင့် ဘဏ္ဍာရေးရှင်းတမ်းများ၊ အသင်းစာရင်းစစ်အစီရင်ခံစာများအားဖတ်ကြားခဲ့ပြီး လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာများမှတက်ရောက်လာသော သမဝါယမအသင်းသား(၃၇)ဦးက အစီရင်ခံစာများအပေါ် အကြံပြုဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် သမဝါယမအသင်းစုလီမိတက်နှင့် ကျေးရွာများမှ အသင်းသားကိုယ်စားလှယ်များက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အသားတင်အမြတ်ငွေ(၁၆၅၆၂၁၃) ကျပ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အသားတင်အမြတ်ငွေ(၁၂၈၇၄၈၂)ကျပ်နှင့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်ဖြင့် အသားတင်အမြတ်ငွေ (၁၅၉၀၉၄၆)ကျပ်ရရှိခဲ့ကြောင်း သိရှိရသည်။
စောဒိ