ပွင့်ဖြူမြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ပွင့်ဖြူ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ၊ (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများက မိမိတို့ကျေးရွာများရှိ သက်ကြီးဘိုးဘွား များထံ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ၊ (ဇူလိုင် ၊ ဩဂုတ် ၊ စက်တင်ဘာ)လအတွက် အဘိုးအဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းကို မြို့နယ်အတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အဘိုးအဘွား စုစုပေါင်း ၉၄၀ ဦးအား ထောက်ပံ့ပေးရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်​/ကျေးစာရေး ဝန်ထမ်းများက မိမိတို့ ကျေးရွာများရှိ အဘိုးအဘွားများထံ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတော်မှ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ မြို့နယ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူ ၂၂၄ အား စားဝတ်နေရေး အဆင်ပြေစေရန် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ပေးရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)