မြဝတီ အောက်တိုဘာ ၂၀
ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၉ ရက်နေ့တွင် ၁၇၄ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကာကွယ်ရေးအသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ စာရင်းကောက်ယူခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးသည်။
ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ်ဆောင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာကန့်သတ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်ပေးသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၁၂၄ ဦး၊ အမျိုးသမီး ၅၀ ဦး စုစုပေါင်း ၁၇၄ ဦး ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)