မုံရွာမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၁၀)ကျောင်းအတွက် ဆွမ်းဆန်၊ ဆီ၊ ကြာဇံ၊ ပဲ၊ ဆား ပေးအပ်လှူဒါန်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုး တက်ရောက်

မုံရွာ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၏ လမ်းညွှန်မှုဖြင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုး၊ တိုင်းဒေသကြီး သာသနာရေးမှူးနှင့်အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်းဆန်းဝင်းနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ နံနက် (၉)နာရီက မုံရွာမြို့ ဆူးလေကုန်းရပ်ကွက်ရှိ ဓမ္မပါရဂူကျောင်းတိုက်သို့ ရောက်ရှိပြီး အဆိုပါကျောင်းတိုက် ဆရာတော်အမှူးပြုသော ကျောင်းတိုက်(၅)တိုက်မှ သံဃာတော်များအား ဖူးမြှော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့သည်။

ဆက်လက်ပြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဓမ္မပါရဂူ၊ မဟာဝုန်၊ ဇမ္ဗူရောင်ခြည်၊ ရွှေသိမ်တော်နှင့် ဓမ္မဝိဒူ ကျောင်းတိုက် (၅)တိုက်တို့တွင် သီတင်းသုံးတော်မူသော သံဃာတော် အပါး(၈၆)ပါးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော သင်္ကန်းနှင့်ဝတ္ထုငွေများ၊ ဆွမ်းဆန်၊ ဆီ၊ ကြာဇံ၊ ပဲ၊ ဆား တို့အား ဆက်ကပ်လှူးဒါန်းခဲ့ကြသည်။

ထို့နောက် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မုံရွာမြို့ မြဝတီရပ်ကွက်ရှိ မဟာကံဦးကျောင်းတိုက်သို့ ရောက်ရှိပြီး အဆိုပါကျောင်းတိုက် ဆရာတော်အမှူးပြုသော  ကျောင်းတိုက်(၅)တိုက်မှ သံဃာတော်များအား ဖူးမြှော်ကြည်ညိုပြီး မဟာကံဦး၊ ဓမ္မဂုဏ်ရည်ရိပ်သာ၊ သန္တဝါဒီ၊ မင်္ဂလာမိုးကုတ်ရိပ်သာ၊ မဟာမတောင့်တ ကျောင်းတိုက်(၅)တိုက်တို့တွင် သီတင်းသုံးတော်မူသော သံဃာတော် အပါး(၈၂)ပါးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော သင်္ကန်းနှင့်ဝတ္ထုငွေများ၊ ဆွမ်းဆန်၊ ဆီ၊ ကြာဇံ၊ ပဲ၊ ဆား တို့အား ဆက်ကပ်လှူးဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းလိုက် သည်။

ယနေ့ လှူဒါန်းပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မုံရွာမြို့ပေါ်ရှိ စုစုပေါင်းကျောင်းတိုက် (၁၀)တိုက်တို့တွင် သီတင်းသုံးတော်မူးသော သံဃာအပါး(၁၇၀)အတွက် သင်္ကန်းနှင့်ဝတ္ထုငွေများ၊ ဆွမ်းဆန်၊ ဆီ၊ ကြာဇံ၊ ပဲ၊ ဆား လှူဒါန်းမှုမှာ ငွေကျပ်(၅၄သိန်း)ကျော်ဖိုး ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)