တောင်ငူမြို့၊ ထီးလှိုင် (အလက) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်

တောင်ငူ အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့  နံနက်ပိုင်းက တောင်ငူမြို့၊ ထီးလှိုင် အလယ်တန်းကျောင်း၌  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ နှင့် နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅၀) ခန့်အား မြို့နယ်အားကစားမှူး ဒေါ်သူဇာထွေးက လူငယ်များသိသင့်သော အားကစားဆိုင်ရာ အချက်အလက်များဟောပြောပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးမြင့်သူက စာသုံးသူအခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများ၊ စာသုံးသူကာကွယ်ရေး ဥပဒေအကြောင်းဟောပြောခဲ့သည်။ ထို့နောက် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်သူဇာဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှု ပပျောက်ရေးနှင့် လူငယ်များ အမှား/အမှန် ဝေဖန်ပိုင်းခြားတတ်သည့် အသိပညာမြင့်မား တိုးတက်ရေးအတွက် ကျောင်းစာကြိုးစားခြင်းအပြင် ပြင်ပဗဟုသုတ ရရှိစေမည့် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာရေးတို့ကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော လူကုန်ကူးမှုအမြစ်မကျန် အားလုံးပါဝင်တွန်းလှန်ရန်၊ မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားဆိုင်ရာ သိမှတ်ဖွယ်ရာများ၊  ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနံရံကပ် စာစောင်များကို ကြည့်ရှုလေ့လာကြပြီး  စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာဖတ်ရှု လေ့လာကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်