ရွှေကျင် စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး ရွှေကျင် မြို့နယ်တွင် ကိုဗစ် −၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် နေ့/ည မပြတ် ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းသို့ ဝင်/ထွက် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် သုံးဘီးဆိုင်ကယ် အသုံးပြုသွားလာကြသော ခရီးသွားပြည်သူများကို ခရီးသွား ထောက်ခံချက် ကျန်းမာရေး ထောက်ခံချက်ပါရှိမှုများ စစ်မေးခြင်း ခိုင်လုံသော အထောက်အထား ထောက်ခံချက် များ မပါရှိပါက လာသည့် နေရပ်သို့ ပြန်လည်စေလွှတ်ခြင်းများအပြင် ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်တပ်ဆင် သွားလာစေရေးတို့ကို စစ်ဆေး အသိပညာပေး ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်များ ကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်းကို ရွှေကျင်မြို့နယ် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ကျန်းမာရေးအဖွဲ့ လူမှုရေးအသင်းအဖွဲ့များ ရဲတပ်ဖွဲ့ မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့များပါဝင်သည့် ပူးပေါင်း အဖွဲ့များက မြို့အဝင်/အထွက် (၂)နေရာတွင် အဖွဲ့များခွဲပြီး နေ့/ညမပြတ် ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)