မြိတ်မြို့၌ လျာထားမဲရုံသတ်မှတ်ခြင်းနှင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး အထောက်အကူပြု မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြိတ် အောက်တိုဘာ ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းနှင့် ဦးကိုကိုလွင် (တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ)တို့သည် တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးတွင်ကျင်းပသည့် မြိတ်မြို့နယ်၏ လျာထားမဲရုံသတ်မှတ်ခြင်းနှင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး အထောက်အကူပြု မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က လာမည့်အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်နေရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိကြကြောင်း၊ မဲစာရင်းများမှန်ကန်ရေး၊ မြေပြင်လူဦးရေစာရင်းမှန်ကန်ရေး၊ မဲရုံများလျာထားသတ်မှတ်ခြင်းနှင့်ပတ်သက်၍ ရှင်းပြရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းက မိတ်ဆက်အမှာစကားနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ ဦးထိန်လင်းဦးက ဆောင်ရွက်ထားရှိသည့် မြို့နယ်များအလိုက် လျာထားမဲရုံအခြေအနေများ ရှင်းလင်းတင်ပြပြီး မြိတ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဥမ္မာဖြိုးက ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် လျာထားမဲရုံတည်နေရာများနှင့် လျာထားမဲဆန္ဒရှင်အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထိုနောက် မြို့နယ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အတွင်ရေးမှူးများက ရပ်ကွက်/ကျေးရွာများအလိုက် ရှင်းလင်းတင်ပြကြ၍ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးနှင့် တာဝန်ရှိသူများက မဲစာရင်းမှန်ကန်ရေးစိစစ်ခြင်း၊ မဲရုံများလျာထားသတ်မှတ်ခြင်းနှင့် မဲရုံသုံးပစ္စည်းများ လျာထားခြင်းများနှင့်ပတ်သက်၍ တင်ပြခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး