မော်လမြိုင်ကျွန်း အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ မြို့နယ်နေပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၇ နာရီအချိန်က မြို့တွင်းလမ်းတစ်လျှောက် လူစည်ကားရာနေရာများ၌ Mask Campaign ပြုလုပ်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များမှ ကူးစက်မြန် COVID-19 မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ "Mask" တပ်ဆင်သွားလာရန် အသိပညာပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပြီး မြို့တွင်းလမ်းတစ်လျှောက် လူစည်ကားရာ နေရာများဖြစ်သော မြို့မဈေးနှင့် အောင်သာယာဈေးကြား အောင်ဆန်းလမ်းမကြီး၊ အမှတ်(၅) လမ်းဆုံ၊ အမှတ်(၁၅) ကမ်းနားလမ်းတစ်လျှောက်တို့၌ ဈေးအတွင်းနှင့် မြို့တွင်းသို့ သွားလာ လှုပ်ရှားလျက်ရှိသည့် ပြည်သူများအား နှာခေါင်းစည်း Mask (၂၀၀၀) အား အခမဲ့ဖြန့်ဝေခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား သိရှိလိုက်နာနိုင်စေရေး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)