သာပေါင်း အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အာဖရိကအပြင်းဖျား ဝက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကို အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါလဲ့လဲ့ဝင်းမှ အာဖရိကအပြင်းဖျား ဝက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show)ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သာပေါင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာကျော်လင်းမှ အာဖရိကအပြင်းဖျား ဝက်ရောဂါအကြောင်း နောက်ခံသမိုင်း အာဖရိကဝက်အပြင်းဖျားရောဂါသည် ၁၉၀၇ ခုနှစ်တွင် အာဖရိကတိုက်၊ ကင်ညာနိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ပါသည်။ ထိုမှတဆင့် ဥရောပတိုက်နှင့် အမေရိကတိုက်များသို့ ဆက်လက်ပျံ့နှံခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လ ပထမပတ်မှစတင်၍ အိမ်နီးချင်း တရုတ်နိုင်ငံတွင် ပျံ့နှံလျက်ရှိပြီး ဝက်အများအပြား သေဆုံးလျက်ရှိပါသည်။
ရောဂါဖြစ်စေသည့် ပိုးစက်ဝိုင်းပုံရှိ DNA အမျိုးအစား ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါဖြစ်ပွားသည်။ အိမ်မွေးဝက်များနှင့် တောဝက် အသက်အရွယ်မရွေး အဖြစ်များသည်။ ရောဂါပိုး ကူးစက်ခံထားရသော ဝက်၊ အညစ်အကြေးများ၊ ဝက်သား၊ ဝက်ထွက်ပစ္စည်းများ၊ သွားရည်၊ နှာရည်၊ မျက်ရည်၊ ဆီး၊ ဝမ်း၊ သွေးနှင့် အသားများနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ မွှား(soft ticks of the genus ornithodoros)ကဲ့သို့သော ကြားခံလက်ခံကောင်များ တွယ်ခြင်း၊ ကိုက်ခြင်း၊ ရောဂါပိုးထိတွေ့ထားသော ဆေးထိုးအပ်၊ အသုံးအဆောင်ပစ္စည်း၊ ဖိနပ်၊ အဝတ်အစားနှင့် ယာဉ်တို့မှတဆင့် ကူးစက်ပျံ့နှံ့ခြင်း၊ (၃-၆)လအထိ အေးခဲထားသော ရောဂါပိုး ကူးစက်ခံထားရသည့် ဝက်သားများနှင့် ထိတွေ့မိခြင်းများမှတဆင့် ကူးစက်နိုင်ပါသည်။ ကြိုတင်ကာကွယ်ခြင်း - ဇီဝလုံခြုံမှုများ ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ မွေးမြူရေးခြံကို သန့်ရှင်းစွာထားခြင်းများ ဆောင်ရွက်ရန်၊ အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်း မပြုရန်နှင့် လူအဝင်အထွက် ထိန်းချုပ်ရန်၊ အသက်အရွယ် တူဝက်များကိုသာ အတူတူမွေးမြူရန်၊ အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရန်၊ ရောဂါကင်းရှင်ကြောင်း စိတ်ချရသော ခြံမှဝက်များကို ဝယ်ယူမွေးမြူရန်၊ ဝယ်ယူသည့်ဝက်များကို မိမိခြံရှိဝက်များနှင့်မရောမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်မှ မွေးမြူရန် စသည့် အချက်အလက်များအား အကျယ်တဝင့် ရှင်းလင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း