ကဝမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

ကဝ အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကြာတောကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက လူကုန်ကူးမှု၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးရန်စုဆောင်းခြင်း၊ အမျိုးသမီးများ၏အားနည်းချက်၊ အမျိုးသမီးများတွေ့ကြုံရသောလူကုန်ကူးမှုအန္တရာယ်၊ မျှော်လင့်ချက်ရောင်ခြည်၊ လူကုန်ကူးမှုဆိုင်ရာပြစ်မှုအင်္ဂါ(၃)ရပ်နှင့် လူကုန်ကူးမှုပြစ်ဒဏ်များကို ရှင်းလင်းဟောပြောပြီး ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ ပေးပို့သော “အမေ့အတွက်မွေးနေ့လက်ဆောင်ကို လိုက်ရှာသည်”စာအုပ်ဖြင့် ပုံပြင်များ ပြောပြခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးသူငယ်အလုပ်သမားသည် တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမားများ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ပါဝင်ပတ်သက်သူများ၏တုံ့ပြန်ချက်စသည်တို့နှင့် ရွှေ့ပြောင်းလုပ်သားများထောက်ပံ့ကူညီရေး၊ ဗဟိုဌာနများ၏ ဆက်သွယ်ရန်လိပ်စာများ၊ လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှုအန္တရာယ်ပူးပေါင်း ကာကွယ်တိုက်ဖျက်မယ်၊ လူကုန်ကူးခံရသောကြောင့် ရရှိသောဆိုးကျိုးများ၊ လူကုန်ကူးသူများအသုံးပြုသောနည်းလမ်းများ၊ လူကုန်ကူးမှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုသံသယရှိပါက ဆက်သွယ်သတင်းပေးအကူညီတောင်းခံရန် ဖုန်းနံပါတ်များပါရှိသည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသရာ စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)