ကျွန်းလှ အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် ယနေ့နံနက် ၇ နာရီက ပြည်သူများအား အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။
“ကျမတို့ စားသောက်နေတဲ့ ဆန်၊ ဆီ၊ ကြက်သွန် စတဲ့စားသောက်ကုန်တွေကို ပြင်ပက ဈေးကြီးပေးပြီး နေ့စဉ်ဝယ်ယူစားသောက်နေကြရပါတယ်။ အခုလို ရပ်ကွက်ထဲအထိ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ လရောက်ရောင်းချပေးတဲ့အတွင် ကျေးဇူးတင်ပါတယ်”ဟု ပျဉ်းမမြိုင်ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။
အဆိုပါ စားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်သွန်နီ ၂၅ ကျပ်သား၊ ကြက်ဥငါးလုံးတို့ကို ငွေကျပ် ၃၀၀၀ ဖြင့့် အိမ်ထောင်စု ၂၀၀ အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက အခြေခံစားသောက်ကုန်များကို တစ်ပတ်လျှင်နှစ်ကြိမ် လှည့်လည်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ