ဖျာပုံမြို့၌ ၂၀၂၂ ဆောင်းစပါး စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးလျက်ရှိ

ဖျာပုံ အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အနေဖြင့် ရေချို၊ ရေငန်စပ်ဒေသဖြစ်ရာ ရေချိုရရှိသော လယ်မြေများတွင် ဆောင်းစပါး စိုက်ပျိုးလျက်ရှိရာ ဖျာပုံခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အချိန်စေ့ကြွေးကျန် ပြေကြေပြီးသူ တောင်သူများအား ၂၀၂၂ ဆောင်းစပါး စိုက်ပျိုးစရိတ် ချေးငွေများကို အောက်တိုဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၂ ဆောင်းစပါး စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးရာတွင် ဖျာပုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်မန်နေဂျာ ဦးအောင်သောင်းက မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် အချိန်စေ့ကြွေးကျန် ပြေကြေဆပ်ကြရန်နှင့် ကြွေးကျန်တောင်သူများအနေဖြင့် ရုံးဖွင့်ရက်များတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ပေးသွင်းရန် ကျန်ရှိနေသော စိုက်ပျိုးစရိတ်ချေးငွေများအား ပြေကြေပေးဆပ်ကြရန် တောင်သူများအား ဆွေးနွေးပြောကြားပြီး၊ ၂၀၂၂ ဆောင်းစပါးစိုက်ပျိုးစရိတ်ချေးငွေ အချိန်စေ့ ကြွေးကျန်အားလုံး ပြေကြေပြီးသူ ဖျာပုံမြို့နယ် ဘန့်ဘွေးစုကျေးရွာအုပ်စုမှ တောင်သူ (၁၀)ဦးအား ၂၀၂၂ ဆောင်းစပါး စိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ဧကလျှင် (၁၅၀၀၀၀ိ/) ကျပ်ဖြင့် အများဆုံး တစ်ဦးလျှင် (၁၀)ဧကအထိ ထုတ်ချေးပေးလျက်ရှိရာ ဘန့်ဘွေးစု ကျေးရွာအုပ်စုမှ တောင်သူ (၁၀)ဦး၊ လယ်မြေ(၈၉)ဧကအတွက် ထုတ်ချေးငွေကျပ် (၁၃၃၅၀၀၀၀)အား စတင်ထုတ်ချေးပေးလျက်ပြီး ဖျာပုံခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အချိန်စေ့ကြွေးများ ပြေကြေသော တောင်သူများအား၊ ဆောင်းစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၂ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၁)အုပ်စုရှိ တောင်သူ (၇၀၀)ကျော်အား၊ ထုတ်ချေးပေးနိုင်ရေး လျာထား ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဖျာပုံခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)