မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပွင့်ဖြူမြို့ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံစားကုန်(၅)မျိုးနှင့် နှာခေါင်းစည်းများ ထောက်ပံ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးသိပ္ပံ (၂)ထပ်စာသင်ကျောင်း တည်ဆောက်ခြင်းလုပ်ငန်းများစစ်ဆေး

မကွေး အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခြေခံလူတန်းစားပြည်သူများ၏ စားဝတ်နေရေး အထိုက်အလျာက် ပြေလည်စေရန် ရည်ရွယ်၍  ပွင့်ဖြူမြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံစားကုန်(၅)မျိုးနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်း (Mask)များ ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်၍ အခြေခံစားကုန်(၅)မျိုးနှင့် ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်း (Mask)များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတို့၏ စားဝတ်နေရေး ပြေလည်စေရန်အတွက် သက်သာချောင်ချိရေးကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များကလည်း အခြေခံလူတန်းစား ပြည်သူများ စားဝတ်နေရေး အထိုက်အလျောက် ပြေလည်စေရန်ရည်ရွယ်ပြီး အခြေခံစားကုန်များကို အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အိမ်ထောင်စု ပေါင်း(၅၀၀)အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအမံဖြင့် အခြေခံစားကုန်(၅)မျိုးဖြစ်သည့် (ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်)နှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်း (Mask) များတို့ကို ထောက်ပံ့ပေး ခြင်းဖြစ်ကြောင်း၊ စားသောက် ကုန်ရရှိသည့် အိမ်ထောင်စုများအနေဖြင့် များပြားသည့် ပမာဏ အဟုတ်ပေမဲ့ ထိုက်သင့်သည့် အကူအညီတစ်ခုတော့ ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ ပွင့်ဖြူ မြို့နယ် အနေဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းသည့်အပြင် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် စီးပွားရေးအရ အချက်အခြာကျသည့်မြို့၊ လမ်းပမ်းဆက် သွယ်ရေးအရလည်း တိုင်းမြို့တော်နှင့်(၁)နာရီခန့်သာ ကားဖြင့်သွားလာနိုင်ပြီး လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်သည့် မြို့ဖြစ်ပါကြောင်း၊ အဲဒီလိုကောင်းမွန်တဲ့ အခြေခံ တွေကိုမူတည်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ စသည့် နိုင်ငံတော်၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက် အလျဉ်းသင့်သလို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ထိုးနည်းတူစွာ အခြေခံပညာကျောင်းများ၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်းများ တည်ရှိပြီး ရေခံမြေခံ ကောင်းမွန်တယ်လို့ ယူဆရမှာဖြစ်ပါကြောင်း၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ကြရမှာဖြစ်သလို နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရ အနေနဲ့လည်း အများပြည်သူ စားဝတ်နေရေး အဆင်ပြေ ချော့မွေ့စေရန် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိတာဖြစ်သည့်အတွက် တစ်ဖက်မှ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးစေရေး ဘက်စုံဆောင်ရွက်နေသလို တစ်ဖက်ကလည်း မိသားစု တစ်စုချင်းကလည်း ခြိုးခြံချွေတာပြီး စီးပွားရေးခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိ သူတို့က ပွင့်ဖြူမြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံ စားကုန်(၅)မျိုးဖြစ်သည့်(ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်)နှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်း (Mask)တို့ကို ဒေသခံပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် ပွင့်ဖြူမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လမ်းညွှန်အမှာ စကားပြောကြားသည်။ ဆက်လက်ပြီး ပွင့်ဖြု့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က ပွင့်ဖြူမြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပတ်သက်သော ဒေသဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာသူများမှ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြဆောင်ရွက်ကာ၊ ဆွေးနွေးတင်ပြ ချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးသိပ္ပံ(ပွင့်ဖြူ)သို့ ရောက်ရှိပြီး မွေးမြူရေးဒီပလိုမာသင်တန်း အဆောက်အဦး ဆောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီးနှင့် တည်ဆောက်ရေးကုမ္ပဏီ တာဝန်ရှိသူတို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ (၄၈၂.၂၅) ကျပ်သန်းဖြင့် (၁၇၀ ပေ×၃၆ ပေ)၊ (၂)ထပ် စာသင်ကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ (ပြန်/ ဆက်)