ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲပြုလုပ်

လွိုင်ကော်   အောက်တိုဘာ   ၁၉

ကယားပြည်နယ်အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ကယားပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ် ဥပဒေအရာရှိရုံးတို့ပူးပေါင်းပြီး ကယားပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီမှ  ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူလူထုများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အချက်အလက်များကို သိရှိစေရန်နှင့် လိုက်နာကြစေရန်ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့ရှိ၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကယားသဇင်ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးအောင်ကြီးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ လည်းကောင်း၊ ကယားပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဟတ်က ယာဉ်မောင်းသူများ လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအားလည်းကောင်း၊ ကယားပြည်နယ်ဥပဒေအရာရှိရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နီနီခိုင်က ယာဉ်တိုက်မှုနှင့်ပတ်သက်သည့် ဥပဒေဆိုင်ရာပုဒ်မများအကြောင်းအားလည်းကောင်း  projector ဖြင့် အသီးသီးရှင်းလင်း ဟောပြောပေးခဲ့သည်။

ထို့နောက် ကယားပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမဥပဒေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ ၂၅၆ ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)