ကျိုက်လတ် အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး (မြို့နယ်အဆင့်) ဆွေးနွေးပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်(၉)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုရေးဦးတည်ချက်ထဲတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် အချက်ပါဝင်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျန်းမာကြံ့ခိုင်နေစေရန် ဂရုစိုက်ရမည်ဖြစ်ပြီး ပညာရည်မြင့်မားစေရန် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ ကြိုးစားခြင်းသည် အောင်မြင်ခြင်း၏ လမ်းစဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားစေရန် ကျောင်းသား၊ မိဘ၊ ဆရာတို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိဘဆရာအသင်း၊ ကျောင်းအကျိုး တော်ဆောင်များကလည်း ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်း၊ ကျောင်းအုပ်ကြီးများက ကြီးကြပ်၍ ဆရာ၊ ဆရာမများကလည်း မေတ္တာ၊ စေတနာ၊ ဂရုဏာ၊ ဝါသနာနှင့် ကြိုးစားသင်ကြား ပေးစေလိုကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျိုက်လတ်မြို့နယ် ပညာရေးမှူး ဒေါ်မြင့်မြင့်သန်းက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး (မြို့နယ်အဆင့်)အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ပြင်ပကိုယ်ပိုင် ဘော်ဒါကျောင်းမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)