ရှမ်းရွာသစ် အောက်တိုဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူလူငယ်လေးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ဦးစီးမှူးဒေါ်ဇင်မိုအေးက စိတ်ကြွဆေးပုံစံအမျိုးမျိုး၊ ဘိန်းသီးမှဘိန်းဆီထုတ်လုပ်သည့် အကြောင်းအရာများ၊ အခြားနိုင်ငံများတွင် တွေ့ရှိရသော အက်ဖက်တမင်းပုံစံမျိုးကွဲများ၊ ၁၉ ရာစုနှောင်းပိုင်းတွေ့ရှိရသော မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများများကို ကျောင်းသား/ သူများအား အသိပညာပေးဟောပြောပြီးနောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းရွာသစ်မြို့ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြေစိုက်နံရံကပ်ပြဘုတ်တွင် နေ့ထူးနေ့မြတ် ဆိုင်ရာ အကြောင်းအရာများ၊ အလုပ်အကိုင် အခွင့်အလမ်းကြော်ငြာများနှင့် ဒေသနှင့်လျော်ညီသည့် အသိပညာပေး အကြောင်းအရာများကို လစဉ်အသစ်လဲလှယ်ပြသ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)