သဲကုန်းမြို့နယ်၊ ပုတီးကုန်းနယ်‌မြေရှိ မိုးတိမ်ပြင်၊ ရုံးပင်လမ်းခွဲ၊ ဘူးပြောကျေးရွာ(၃)ရွာတွင် (NEP) အစီအစဉ်ဖြင့် လျှပ်စစ် မီးလင်းရေးအောင်ပွဲ ကျင်းပ

သဲကုန်း  စက်တင်ဘာ  ၁၇

နိုင်ငံတော်အစိုးရမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် တစ်နိုင်ငံလုံးတွင် (၂)မိုင်အတွင်းရှိ ကျေးရွာများ  မီးလင်းနိုင်ရေးအတွက်  ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ခရိုင်၊  သဲကုန်းမြို့နယ်တွင်လည်း (၂)မိုင်အတွင်းရှိ   ကျေးရွာ (၁၂၆)ရွာအား ၂၀၂၀-ပြည့်နှစ်၊ အောက်တိုဘာလကုန်တွင် မီးလင်းနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သဲကုန်းမြို့နယ်တွင်(၂)မိုင်အတွင်း ကျေးရွာများမီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်(၈)နာရီခွဲက  ပုတီးကုန်း နယ်‌မြေရှိ  မိုးတိမ်ပြင်ကျေးရွာ၊  ရုံးပင်လမ်းခွဲကျေးရွာနှင့်  ဘူး‌ပြော ကျေးရွာ(၃)ရွာတွင် မီးလင်းရေးအောင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ တိုင်းဒေသကြီး( ၁ ) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၀င်းနှင့် ပုတီးကုန်းမြို့  လျှပ်စစ် အင်ဂျင်နီယာ ဦးဇေဖြိုးလင်းတို့က  အခမ်းအနားအား  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၀င်းတို့က အမှာစကား အသီးသီးပြောကြားခဲ့ပြီး ပုတီးကုန်းမြို့ လျှပ်စစ်အင်ဂျင်နီယာ ဦးဇေဖြိုးလင်းက NEP စီမံကိန်းဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်များအား အသိပညာပေးပြောကြားခဲ့ရာ ကျေးရွာမီးလင်း ရေးကော်မတီ အဖွဲ့၀င်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အလားတူ စက်တင်ဘာလ (၁၈)ရက်နေ့တွင် ပုတီးကုန်းနယ်မြေ အတွင်းရှိ (၂)မိုင်အတွင်း   ကျေးရွာများဖြစ်သည့် မကြီးကုန်း၊ ရွာသာယာနှင့် သစ်စိမ့်ကုန်းကျေးရွာ(၃)ရွာတွင်လည်း  မီးလင်းရေး အောင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)