ပန်းတနော် အောက်တိုဘာ ၁၉
၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် မြေပြင်ရှိ လျာထားမဲရုံတည်နေရာများ ကောက်ယူစစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်ရှိပြီး သေဆုံးသူစာရင်း ပြုစုတင်ပြနိုင်ရေး ရပ်/ ကျေး စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက လာမည့်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြေပြင်ရှိ လျာထားမဲရုံတည်နေရာများ ကောက်ယူစစ်ဆေးခြင်း၊ လူဦးရေနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စွာ တိုက်ဆိုင်စစ်ဆေး ကောက်ယူနိုင်ရေး၊ သေဆုံးသူစာရင်းများ တိကျမှန်ကန်စွာ ကောက်ယူတင်ပြနိုင်ရေး ဆောင်ရွက်ကြရန် ပြောကြားဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့မှ အခြေခံလူဦးရေနှင့် မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်မှုရှိစေရေး လိုအပ်သည့် အချက်အလက်များနှင့် လူဦးရေစာရင်း ပြင်ဆင်ဖြည့်စွက်ခြင်း၊ မဲရုံများ လျာထားဆောင်ရွက်မှု အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ရပ်/ ကျေး စာရေးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)