အုတ်တွင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)နေကြာမျိုးစေ့နှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

အုတ်တွင်း  အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ စားသုံးဆီဖူလုံစေရေးနှင့် စားဝတ်နေရေးအဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)နေကြာမျိုးစေ့နှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ခေါင်းရမ်းကျေးရွာရှိဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဇင်မာမြင့်က မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)နေကြာမျိုးစေ့နှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) နေကြာစိုက်ပျိုးမည့်တောင်သူ(၈၀)ဦးအတွက် နေကြာမျိုးစေ့ပေးအပ်ခြင်း၊ အခြားသီးနှံစိုက်ပျိုးမည့် တောင်သူ(၃၇)ဦးနှင့်နေကြာစိုက်တောင်သူတို့အား ရန်ပုံငွေကျပ်သိန်း ၃၀၀ ထုတ်ချေးခြင်းကို တောင်သူများထံသို့ တာဝန်ရှိသူအသီးသီးကပေးအပ်ခဲ့သည်။

အဆိုပါမြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) နေကြာမျိုးစေ့နှင့်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဇင်မာမြင့်နှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ သမဝါယမဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များနှင့် ဒေသခံတောင်သူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်နှင့်အညီ တက်ရောက်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေဖြင့် ကျပ်သိန်း ၇၀၀ အား ကျေးရွာ(၅) ရွာလျာထားကြောင်း၊ ငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာ(၄)ရွာ၊ ငွေကျပ်သိန်း ၃၀၀ ဖြင့် ကျေးရွာ (၁)ရွာ လျာထားဆောင်ရွက်ရှိပြီး ယခုအခါငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာ(၄)ရွာ၊ ငွေကျပ်သိန်း ၃၀၀ ဖြင့် ကျေးရွာ(၁)ရွာအား ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)