ငါးသိုင်းချာင်း စက်တင်ဘာ ၁၇
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့ကြက်ခြေနီအသင်းခွဲငယ် အစီအစဉ်ဖြင့် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နေအိမ်ပြင်ပ ထွက်ခွာတိုင်း Mask နှာခေါင်းစည်း စနစ်တကျ မဖြစ်နေတပ်ဆင်ရေးအတွက် Mask နှာခေါင်းစည်းများ အခမဲ့ဝေငှခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငါးသိုင်းချောင်းမြို့အဝင်နှင့် ပုသိမ်-မုံရွာလမ်းဆုံတွင် ဆက်သွယ်သွားလာလျက်ရှိသည့် ပြည်သူများအား မြို့ကြက်ခြေနီ အသင်းခွဲငယ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် သုခကာရီ လူမှုရေးအသင်းအဖွဲ့ဝင်များက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များကို အသံချဲ့စက်၊ Hand speaker များဖြင့် နှိုးဆော်ကြေညာပေးခြင်း၊ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ လက်ဆေးခြင်းနှင့် mask နှာခေါင်းစည်း မဖြစ်မနေတပ်ဆင် ဆက်သွယ်သွားလာရေး အသိပညာပေး Campaign ပြုလုပ်ခြင်း၊ အစီအစဉ်များကို ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ဆက်လက်၍ ငါးသိုင်းချောင်းမြို့ အတွင်းရှိ အများပြည်သူဆက်သွယ် သွားလာလျက်ရှိသော ဗိုလ်ချုပ်လမ်းမကြီးနှင့် ရွှေတောင် လမ်းဆုံနေရာတွင် အလားတူ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး Mask နှာခေါင်းစည်းအခုရေ(၆၀၀)၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင် စောင်ရေ(၂၀၀)နှင့် လက်သန့်ဆေးရည် (၆)ဘူးကို အများပြည်သူသို့ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)