တောင်ငူ အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နေ့လယ်ပိုင်းက တောင်ငူမြို့၊ ကသဲစုအလယ်တန်းကျောင်းထဲ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၃၀၀)ခန့်အား မြို့နယ်အားကစားမှူး ဒေါ်သူဇာထွေးက လူငယ်များသိသင့်သော အားကစားဆိုင်ရာအချက်အလက်များဟောပြောပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒုတိယဦးစီးမှူး ဦးမြင့်သူက စားသုံးသူအခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများ၊ စာသုံးသူကာကွယ်ရေး ဥပဒေအကြောင်းဟောပြောခဲ့သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်သူဇာဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုပပျောက်ရေးနှင့် လူငယ်များ အမှား/အမှန်ဝေဖန်ပိုင်းခြားတတ်သည့် အသိပညာမြင့်မားတိုးတက်ရေးအတွက် ကျောင်းစာကြိုးစားခြင်းအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များဖတ်ရှုလေ့လာရေးတို့ကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော လူကုန်ကူးမှုအမြစ်မကျန် အားလုံးပါဝင်တွန်းလှန်ရန်၊ မူးယစ်ဆေးဝါးအမျိုးမျိုးနှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနှင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေးနံရံကပ် စာစောင်များကို ကြည့်ရှုလေ့လာကြပြီး စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်