ပွင့်ဖြူ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုမရှိစေရန်နှင့် တောင်သူသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် ကျေးရွာ အုပ်စု (၂၀) ရှိ ဒေသခံတောင်သူများ၏ မိုးစပါးစိုက် လယ်မြေများတွင် (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၇ ရက် ၊ ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ကျစ်ကျေးရွာအုပ်စု တောင်သူပညာပေးရှေ့တန်းစခန်းရုံးတာဝန်ခံ ဒေါ်ဖြူမာဆွေ ဦးဆောင် သော ဝန်ထမ်းများအဖွဲ့ ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာအုပ်စု၊ မကျည်းရုံကျေးရွာရှိ တောင်သူ ဦးသန်းထွန်းနိုင်၏ မိုးစပါးမျိုးစေ့ထုတ်(၁၀)ဧက စိုက်ခင်းအား မျိုးကွဲနုတ်ပယ်ခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ရာတွင် မျိုးသန့်မျိုးစေ့များရရှိရေးအတွက် စပါးပင် အပင်ပွားစည်းချိန် ၊ အနှံထွက် ပန်းပွင့်ချိန်နှင့် စပါးနှံများ ရင့်မှည့်ချိန်ကာလတို့တွင် မျိုးကွဲနုတ်ပယ်ရမည်ဖြစ်ပြီး စပါးသက်တမ်းတစ်လျှောက် စိုက်ခင်းကို အမြဲမပျက် ကွင်းဆင်းစစ်ဆေးကာ မျိုးကွဲပင် ၊ ကောက်လေပင်၊ မြက်သီးနှင့် ဆန်နီစပါးရိုင်းပင်များကို တွေ့ရှိသည့်နှင့် ချက်ချင်း နုတ်ပယ်ပစ်ရန်လိုအပ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် က ပြောသည်။
ယနေ့ မွန်းလွဲပိုင်းက ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဉယျာဉ်ကျစ်ကျေးရွာအုပ်စု တောင်သူပညာပေး ရှေ့တန်းစခန်းရုံး တာဝန်ခံ ဒေါ်ဖြူမာဆွေ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာအုပ်စု၊ မကျည်းရုံကျေးရွာ တောင်သူ ဦးသိန်းထွန်းနိုင်၏ မိုးစပါးမျိုးစေ့ထုတ်စိုက် ခင်း(၁၀)ဧက ကွက်သို့ သွားရောက်ပြီး မျိုးကောင်းမျိုးသန့် ရရှိရေးအတွက် မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းများကို တောင်သူများ သိရှိလိုက်နာ ဆောင်ရွက်ရန် လက်တွေ့သရုပ်ပြ သင်ကြားပေးခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင် ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် မိုးစပါးမျိုးစေ့ထုတ် (CERP)အစီအစဉ်ဖြင့် ကျေးရွာအုပ်စု(၂၀) အုပ်စု ၊ ကျေးရွာပေါင်း(၅၄)ရွာတွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ဧကပေါင်း ၁၄၆၂ ဒသမ ၅၀ ဧက လျာထား စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)