ဘိုကလေးမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဘိုကလေး အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် လွန်ခဲ့သည့် နှစ်ပေါင်း(၃၀)ကျော်မှ စတင်၍ မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်အား နှစ်စဉ်အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပဆောင်ရွက်လျက်ရှိရာ ယခုနှစ်(၃၆)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ညှိနှိုင်းအစည်းအဝေး ကျင်းပသည်။   

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘိုကလေးမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ဆရာကြီး၊ ဆရာမကြီးများ၊ မြို့မိမြို့ဖများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ရေး ညှိနှိုင်းစည်းဝေး ဆုံးဖြတ်ခဲ့ကြသည်။

ယခုနှစ် (၃၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲအား ယခင်နှစ်များတွင် ကျင်းပခဲ့သည့် အတိုင်း အစဉ်အလာမပြတ် တန်ဆောင်မုန်း လပြည့်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အင်အားကြီးသည့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ စည်ပင်သာယာရေး အဖွဲ့ပိုင်ဈေးများ၊ မြို့ပေါ်ရပ်ကွက်များအနေဖြင့် တစ်ဌာန၊ တစ်ကျောင်း၊ တစ်ဖွဲ့၊ တစ်ရပ်ကွက်လျှင် ပဒေသာပင်တစ်ပင်နှုန်း လှူဒါန်းရမည်ဖြစ်ကြောင်း၊ အင်အားနည်းသည့် ဌာနဆိုင်ရာများ အနေဖြင့်နှစ်ဌာန၊ သုံးဌာန အချင်းချင်းစုပေါင်း၍ ပဒေသာပင်တစ်ပင်နှုန်း လှူဒါန်းရမည်ဖြစ်ကြောင်း၊ ဘိုကလေးမြို့ပေါ်တွင် ဘုန်းတော်ကြီးကျောင်းပေါင်း(၅၃)ကျောင်း တည်ရှိသဖြင့် စုစုပေါင်း ပဒေသာပင်(၅၃)ပင် လှူဒါန်းရမည်ဖြစ်ကြောင်း အစည်းအဝေး၏ ညှိနှိုင်းတိုင်ပင် ဆုံးဖြတ်ချက်များအရ သိရသည်။

မိုးစက်(ဘိုကလေး)