ရန်ကုန် စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားခြင်းမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို ပြည်သူများ စနစ်တကျလိုက်နာစေရေးအတွက် ရည်ရွယ်၍ ဒလမြို့နယ်အတွင်းရှိ ပရဟိတ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ စုပေါင်းဖွဲ့စည်းထားပြီး လူငယ်လူရွယ် များပါဝင်သော အဖွဲ့ပေါင်း(၂၃)ဖွဲ့ ပါဝင်သည့် We Love Dala မှ နေ့စဉ် လူသွားလာမှုများပြားလျက်ရှိသော နေရာများတွင် နှာခေါင်းစည်းဘူးများကို တပ်ဆင်ထားရှိပေးလျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က သမ္မတ ကမ်းခြေရပ်ကွက်ရှိ ဈေးနှင့် စက်တပ်သမ္ဗန်ကူးတို့ဆိပ် တို့တွင် ဈေးရောင်း ဈေးဝယ်သူများနှင့် ခရီးသွားပြည်သူများ နှာခေါင်းစည်းများ အခမဲ့ယူနိုင်သည့် Mask Box များကို စနစ်တကျ ထားရှိဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ We Love Dala အဖွဲ့ ဥက္ကဌ ကိုအောင်နိုင် က “ ကျွန်တော်တို့ မြို့နယ်မှာ တစ်နေ့ထက်တစ်နေ့ ပိုးတွေ့လူနာတွေများလာတယ်၊ အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းမတပ်ဆင်ကြဘူး၊ ရန်ကုန်မြို့ကို အလုပ်သွားလုပ်တဲ့ ပြည်သူတွေများတဲ့ အတွက် လူစည်ကားရာနေရာတွေမှာ နှာခေါင်းစည်းများ ကို မည်သူမဆို အခမဲ့ယူနိုင်တဲ့ Mask Box များကို တပ်ဆင်ပေးခြင်းဖြစ်ပါတယ်၊ နှာခေါင်းစည်းဘူးများကို ကမာကဆစ်ဈေးကြီးမှာ ၃ ခု၊ အောင်ဇေယျဈေးကြီးမှာ ၂ ခု ၊ မြို့နယ်ပြည်သူ့ဆေးရုံမှာ ၁ ခု၊ မြို့နယ်လျှစ်စစ် မန်နေဂျာရုံးမှာ ၁ ခု၊ ခုလက်ရှိ အချိန်မှာ သမ္မတကမ်းခြေရပ်ကွက်မှာ ရှိတဲ့ ဈေးမှာ ၁ ခု၊ စက်တပ်သမ္ဗန် ကူးတို့ဆိပ်မှာ ၁ ခု၊ စုစုပေါင်း နှာခေါင်းစည်းဘူး ၉ ခုကို တပ်ဆင်ပေးခဲ့ပြီးဖြစ်ပါတယ်၊ ထပ်ပြီးတော့ လူစည်ကားရာနေရာများဖြစ်တဲ့ ကမာအောင်ကူးတို့ဆိပ်၊ ကမာကဆစ်ကူးတို့ဆိပ်၊ ကမာကသွယ်ကူးတို့ဆိပ်၊ စက်မြေကူးတို့ဆိပ်နှင့် မှော်စက် ကူးတို့ဆိပ်တို့တွင် ဆက်လက်၍ တပ်ဆင်ထားရှိပေးသွားမည်ဖြစ်ကြောင်း ” ပြောကြားခဲ့သည်။
အဆိုပါ Mask Box တစ်ခုစီတွင် နှာခေါင်းစည်း အခုရေ ၅၀၀ နီးပါး ပါရှိပြီး၊ နှာခေါင်းစည်းများ ယူရာတွင် လက်ကို လက်သန့်ဆေးဂျယ်ဖြင့် အရင်ဆုံးဆေးနိုင်ရန် စီစဉ်ထားရှိပြီး၊ ခြေနင်း၍ နှာခေါင်းစည်းများကို ရယူနိုင် မည်ဖြစ်ကာ၊ ခရီးသွားပြည်သူများအနေဖြင့် စနစ်တကျ လိုအပ်သလောက် အခမဲ့ရယူနိုင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကာလ မပြီးမချင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
နိုင်လင်းကျော်(ဒလ)