မြိတ် အောက်တိုဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အခြေခံပညာကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းဖြင့် ယနေ့တွင် ဆေးထိုးစုရပ်ကျောင်း (၁၁) ကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ရောဂါ အပိုဆောင်း ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်ရောဂါ အပိုဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရာတွင် ယနေ့တွင် ကျောင်း စုစုပေါင်း (၄၆) ကျောင်းရှိ စာရင်းရှိ ကျောင်းသား/သူ (၂၂၈၉) ဦးကို ထိုးနှံပေးလျက်ရှိသည်။ ကျောင်းသား/သူများအား ကိုဗစ်ရောဂါ အပိုဆောင်းကာကွယ်ဆေးကို ဆေးထိုးစုရပ် ကျောင်းများ၌ ဆေးထိုးအဖွဲ့များမှ ထိုးနှံပေးရာတွင် ဆရာ/မများက ကူညီဆောင်ရွက်ပေးလျက် ရှိကြကာ ကျန်ရှိသော ကျောင်းများကိုလည်း သတ်မှတ်ဆေးထိုးစုရပ်ကျောင်းများတွင် အပိုဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မြိတ်မြို့နယ်၌ ကျောင်းသား/သူများအား ယမန်နေ့အထိ အပိုဆောင်းကာကွယ်ဆေး (၂၉၀၂) ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့နယ်တွင် အခြေခံပညာကျောင်း (၁၄၄) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃) ကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၉) ကျောင်း စုစုပေါင်း (၁၅၆) ကျောင်းရှိပြီး အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိသော ကျောင်းသား/သူများအား ကိုဗစ်ရောဂါကာကွယ်ဆေးကို ပထမ အကြိမ်တွင် (၃၇၁၂၇) ဦး၊ ဒုတိယအကြိမ်တွင် (၂၆၀၆၂) ဦး ထိုးနှံပေးခဲ့ကြောင်း၊ ထို့အတူ အသက် (၁၂) နှစ်မှ (၁၈) နှစ်အတွင်းရှိသော ကျောင်းသား/သူများအား ကိုဗစ်ရောဂါ ကာကွယ် ဆေးကို ပထမအကြိမ်တွင် (၈၇၁၁) ဦး၊ ဒုတိယအကြိမ်တွင် (၈၃၃၁) ဦး ထိုးနှံပေးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)