ဒီးမော့ဆို စက်တင်ဘာ ၁၇
ကယားပြည်နယ်တွင် ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဘောလခဲမြို့နယ်တို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်တွင် မြို့မ၊ နန်းမယ်ခုံ၊ စံပြ(၆)မိုင်၊ ငွေတောင်၊ ဒီးမော့ဆို၊ နောင်ပုလဲ၊ (၄)မိုင်မြေနီကုန်း၊ ဆင်တောင်၊ သေးဆူလဲနှင့် ကုန်းသာကျေးရွာ တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်သူအခြေပြု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်မည့် ရပ်ကွက်၊ ကျေးရွာများအတွက် လိုအပ်သော ပစ္စည်းများကို ကယားပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ် လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်၊ ကျေးရွာ ၁၀ ရွာအတွက် ပစ္စည်း(၁၈)မျိုးပါ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ကယားပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး မျိုးဆွေ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းမှတ်တမ်း တာဝန်ခံ ရဲမှူးသန်းဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်တို့က ပြည်သူအခြေပြု ရပ်/ကျေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၏ လုပ်ငန်း တာဝန်များ၊ ဥပဒေနှင့် အညီ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ လိုက်နာရမည့် ဥပဒေများ၊ လိုက်နာရမည့် အချက်များကို ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် တက်ရောက်လာကြသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်း ကြရာ ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး မျိုးဆွေ က မေးမြန်းချက်အပေါ် ပြန်လည်ရှင်းလင်း ဖြေကြားပြီး ပြည်သူအခြေပြု ရပ်/ကျေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်မည့် ရပ်ကွက်၊ ကျေးရွာ များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူအခြေပြု ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အတွက် တစ်ရွာလျှင် လက်နှိပ်ဓါတ်မီး (၃) လက်၊ ရောင်ပြန်အင်္ကျီ (၁၀) ထည်၊ မိုးကာအင်္ကျီ (၁၀) ထည်၊ ဗီနိုင်း(၁) ခု၊ ပလပ်စတစ်ထိုင်ခုံ (၁၂) ခုံ၊ ခေါက်စားပွဲ (၂)လုံး၊ ဟန်းစပီကာ (၂) ခု၊ ရောင်ပြန်မီးချောင်း (၂) ချောင်း၊ ယာယီတဲ (၁) ခု၊ လည်ဆွဲကဒ်ပြားကြီး (၂၀) ခု၊ ဦးထုပ် (၂၀)လုံး၊ အရေးပေါ်မီးအိမ် (၂) ခု၊ Police Yellow Line (၂) ခု ၊ ဓာတ်ဗူး၊ ဖန်ခွက် (၁)စုံ၊ အထိုင်ဖုန်း (၁) လုံး၊ ရှေးဦးသူနာပြုဆေးသေတ္တာ (၁) ခု၊ White Boark (၁)ခု၊ စာအုပ်နှင့် စာရေးကိရိယာရုံးသုံးပစ္စည်းများ (၁)စုံ ပါဝင်ပြီး စုစုပေါင်း ငွေကျပ် ငါးသိန်း တန်ဖိုးရှိကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)