ဘိုကလေးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များ ဆက်လက်ဆောင်ရွက်ပေးနေ

ဘိုကလေး အောက်တိုဘာ ၁၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရုံးအနေဖြင့် အောက်တိုဘာ (၁)ရက်နေ့မှစတင်၍ ပန်းခင်းစီမံချက် (၂)အဖြစ် နိုင်ငံသားစိစစ်ရေးကဒ်ပြား တစ်ကြိမ်တစ်ခါမှ မပြုလုပ်ရသေးသည့် အသက်(၁၀)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူများနှင့် ပြည်သူများအား သတ်မှတ်ရက်အလိုက် မြို့ပေါ်ရပ်ကွက်များအား နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးနိုင်ရေး နယ်မြေအတွင်း ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ လုပ်ငန်းစဉ်အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူး ဦးထွန်းထွန်းနိုင်၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာလကုန်အထိ သတ်မှတ်ရက်များအလိုက် ဘိုကလေးမြို့နယ်အတွင်းမှ ရပ်ကွက်/ကျေးရွာများအား ကွင်းဆင်းဆောင်ရွက် ပေးမည်ဖြစ်ပြီး ယခုအချိန်တွင် ဘိုကလေးမြို့ပေါ်မှ အမှတ်(၁၊ ၄၊ ၇၊ ၈ ၊၉) ရပ်ကွက်များအား ကွင်းဆင်းဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရာတွင်လည်း တစ်ပြိုင်နက် မဲစာရင်းများ မှန်ကန်ရေးအတွက် အိမ်ထောင်စုစာရင်းများတွင် မွေးသက္ကရာဇ် မပြည့်စုံခြင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် ထည့်သွင်းထားမှုမရှိခြင်းတို့အတွက် ကာယကံရှင်များထံမှ တောင်းယူဖြည့်သွင်းခြင်း လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)