ထားဝယ် အောက်တိုဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ဝဥစိုက်ပျိုးလုပ်ကိုင်သူများ စျေးကောင်းရရှိရေး မျှော်လင့်လျက်ရှိကြောင်းသိရသည်။
ဝဥပျိုးများမှာ ဖူးတံစေ့မျိုးဥဖြစ်ပြီး စတင်စိုက်ပျိုးချိန်မှာ ၂၀၁၉ ခုနှစ်၊ မိုးရာသီဇူလိုင်လလောက်ကစတင်ပြီး စိုက်ခဲ့တာပါ။ဝဥမစိုက်ခင်စိုက်မြေဧက(၃၀)ဧကကိုတောခုတ်ရှင်းလင်းပေးရပါတယ်။ တစ်ဧကကိုတစ်နှစ်လျှင် တောရှင်းခ(၈) သိန်းကျော်ကုန်ကျစရိတ်ရှိပါတယ်။ဝဥမျိုးတစ်ဧကလျှင် မျိုးဥ တစ်သိန်းကျော်ဆံ့ပြီး လက်ရှိအခြေအနေမှာတော့ ဝဥစိုက်ဧက(၃ဝ)ဧက စိုက်ပျိုးထားတာပါ။ တစ်ပင်နှင့်တစ်ပင်အ ကွာအဝေးမှာဆိုရင်(၂)ပေခန့်ခြားပြီး စိုက်ရပါတယ်။ မျိုးဥများစတင်စိုက်ပျိုးချိန်မှစ၍ မြေအစိုဓာတ်ကောင်းသည့် နေရာမှာဆိုရင် (၁၅) ရက် လောက်အကြာမှာ ဝဥအပင်များပေါက်လာပါတယ်။ ဝဥများကိုစတင်စိုက်ပျိုးသည့် အချိန်မှစ၍ (၃)နှစ်ခန့်အကြာ ကိုယ်တိုင်စိုက်ပျိုးထားတဲ့အပင်ဟာဆိုရင် ဝဥအပင်များငိုက်ကျ (အပင်ညှိုးကျ)လာပြီးတော့ သြဂုတ်လနှင့်စက်တင်ဘာလရောက်ရင် စပြီးတူးဖော်လို့ရပါပြီး၊ အထွက်နှုန်းကတော့ဝဥရဲ့ လုံးပတ်ရွယ်အစားဟာ အကြီးဆုံးတစ်ပိဿာလောက် ထွက်ရှိတာနဲ့ ရောင်းချလို့ရပါပြီ။ ဝဥမျိုး တွေကို စိုက်ပျိုးတဲ့အခါမှာ မည်သည့်မြေသြဇာကိုမှ အသုံးမပြု ဖြစ်ခဲ့ပါ။ သဘာဝမြေ အစိုဓာတ်ဖြင့်စိုက်ပျိုးထားတာပါ။ စိုက်ပျိုးတဲ့အခါမှာလည်းဓာတုဆေးဝါးတွေ ကိုလုံးဝမသုံးစွဲထားပါ။ ဝဥတွေဟာ အရိပ်ကျရောက်မှုကိုကြိုက်နှစ်သက်တဲ့ အမျိုးအစားဖြစ်ပါတယ်ဟု ဝဥစိုက်ပျိုး လုပ်ကိုင် သူ စောဝင်းကြီး ကပြောကြားခဲ့သည်။
ထိုဝဥများကို ထားဝယ်မြို့သို့ ကုန်ကားများဖြင့်တင်ပို့ရောင်းချလျက်ရှိကာ ပြီးခဲ့တဲ့နှစ်များတွင် ဝဥစျေးနှုန်းမှာ တစ်ပိဿာလျှင်ပေါက်စျေးနှုန်း(၁၀၀၀)ကျော်ကျပ်ရရှိပြီးယခုနှစ်ပေါက်စျေးက တစ်ပိဿလျှင်(၇၀၀)ကျပ်သာရရှိ၍ မိသားစု စားဝတ်နေရေး အဆင်မပြေသည့် အတွက် ဝဥများစျေးကောင်းရရှိရေး မျှော်လင့်နေကြောင်း ဝဥစိုက်ပျိုးလုပ်ကိုင်သူနေသူများထံမှ သိရသည်။
ငွေဇင်ယော်(ထားဝယ်)