မယ်စဲ့မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

မယ်စဲ့  စက်တင်ဘာ ၁၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ အသိပညာများ ပိုမိုသိရှိစေရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉နာရီက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

ရှေးဦးစွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးနေစိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးဝင်းကျော်မြင့်ဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်သူဇာခိုင် တို့က လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန်များ၊ မဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ မဲစာရင်းကြေညာရာတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် သရုပ်ပြခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မြို့နယ်နှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့် စသည့် ခေါင်းစဉ်များဖြင့် သင်တန်းပေးပို့ချပြီး တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများနှင့် အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။

မယ်စဲ့မြို့နယ်အတွင်း ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄)အုပ်စုတွင် မဲရုံပေါင်း(၉)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၄၉၉၇)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းကို ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်ချက်နှင့်အညီ သင်တန်းပို့ချရာ တစ်ရက်လျှင် ကျေးရွာအုပ်စု ၃ အုပ်စုကို (၂၁)ဦး နှုန်းဖြင့် တက်ရောက်စေပြီး နှစ်ရက်ခွဲ၍ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)