ပြည် အောက်တိုဘာ ၁၈
ခရိုင်အဆင့် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆပ်ကော်မတီ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉:၃၀ နာရီက ပြည်ခရိုင်ဘေးအန္တရယ် စီမံခန့်ခွဲမှုဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်လှိုင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ကလေးသူငယ်များအား ဝါသနာပါရာ အသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြားပေးရန်၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနိုင်ရေး ဆောင်ရွက် ပေးရန်၊ မိသားစု စားဝတ်နေရေး တတ်နိုင်သမျှ ဖြေရှင်းပေးရန်၊ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးရန်၊ စာများများဖတ်နိုင်အောင် စီစဉ်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။ ယင်းနောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက ကလေးများအား အနိုင်ကျင့်အသုံးချမှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်ပြီး အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီအရာရှိ ဦးအာကာလွင်က ကလေးများ အလုပ်လုပ်ရမည့် အသက်အရွယ်အပိုင်းအခြား၊ အလုပ်ချိန်နှင့် အလုပ်သမားဥပဒေများ အကြောင်းအားလည်းကောင်း၊ အလုပ်သမားဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဦးက အလုပ်သမားများ ၏ အခွင့်အရေးများနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဦးအောင်ကိုသန့်က ကလေးအလုပ်သမား ဖြစ်ပွားရသည့် အကြောင်းအရင်းများကိုလည်းကောင်း၊ ခရိုင်ဘေးအန္တရာယ် စီမံခန်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက ဘေးအန္တရယ်နှင့် ပတ်သက်၍ ကလေးများ တိခိုက်လွယ်အုပ်စုတွင် ပါဝင်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီးဟောပြောဆွေးနွေးပြီး တက်ရောက်လာသော လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်များ၊ စတိုးဆိုင်ပိုင်ရှင်များ၊ မုန့်ဆိုင်ပိုင်ရှင်များ၊ လက်ဘက်ရည်ဆိုင်ပိုင်ရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုစိုး(ပြည်)