တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ သင်တန်း၊ အမှတ်စဉ် (၂/၂၂) (ပထမနှစ်) သင်တန်းသား၊ သင်တန်းသူ များအား ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် အောက်တိုဘာ ၁၈

ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်း၊ အမှတ်စဉ် (၂/၂၂) (ပထမနှစ်) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နက် ၉ နာရီက ထားဝယ်မြို့၊ ထားဝယ် ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အသက်မွေးဝမ်းကြောင်း ပညာရပ်ထဲတွင် ပညာရေးသည် အရေးပါသောအခန်းကဏ္ဍမှာ ပါဝင်ကြောင်း၊ ပညာရေးတိုးတက်မှုကို မဖြစ်မနေ ဝိုင်းဝန်းအားထုတ်ကြိုးပမ်းရမှာဖြစ်ကြောင်း၊ မိမိတို့ကြုံတွေလာရမည့် စိန်ခေါ်မှု များကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ပညာရေးတိုးတက်မှုသည် အလွန်အရေးပါကြောင်း၊ ရေမြင့်မှ ကြာတင့်မည်ဆိုသည့်စကားအတိုင်း နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားတို့၏ ပညာရည် မြင့်မားမှသာ ယင်းနိုင်ငံသည် ကမ္ဘာ့အလယ်မှာ တင့်တယ်နိုင်မည်ဖြစ်ပါကြောင်း၊ အရည်အသွေး ပြည့်ဝသောပညာရေးကို လေ့လာဆည်းပူးသည့်အခါတွင် အမှန်တကယ် တတ်ကျွမ်းရန် ကိုယ်တိုင်လေ့လာဆည်းပူးအားထုတ်မှသာ အရည်အသွေးရှိမှာဖြစ်ကြောင်း၊  အရည်အသွေးရှိတဲ့ ပညာရေးကို ဖော်ဆောင်နိုင်ရန် မူဝါဒ၊ စီမံကိန်း၊ စွမ်းဆောင်ရည် မြှင့်တင်မှုတို့သည် အဓိကကျသော အခန်းကဏ္ဍမှာ ပါဝင်ကြောင်း ယခုအခါ ပညာရေးပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်လျက်ရှိရာ ၂၁ ရာစုကျွမ်းကျင်မှုများကို မြှင့်တင်ပေးနိုင်မည့် စာသင်ခန်းတွင် သင်ယူမှု၊ Online သင်ယူမှုများမှတစ်ဆင့် လူတိုင်းအတွက်အကျိုးရှိစေမည့် တစ်သက်တာသင်ယူမှု အခွင့်အလမ်းများရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြောင်းလဲလာသော ပညာရေးပုံစံသစ်များနဲ့ လိုက်လျောညီထွေရှိစေရန် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း ပြောကြားသည်။

ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍သင်တန်းသား/သူများကလောကအားမာန် သီချင်း၊ မျှော်လင့်နေတုန်းပျို့ဘုန်းလှမ်းခဲ့ပါ" သီချင်း၊  လှမ်းခဲ့ထားဝယ်မြေသီချင်းဖြင့် လည်းကောင်း၊ Fitness Dance ဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/မများနှင့် သင်တန်းသား/သူများ ကကြည်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကပြဖျော်ဖြေသော အဖွဲ့တစ်ဖွဲ့လျှင် ကျပ် (၂) သိန်းစီဖြင့် စုစုပေါင်းကျပ် (၈) သိန်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသသကြီး (ပြန်/ဆက်)