ဘားအံ အောက်တိုဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံမြို့၊ သေဋ္ဌမာရ်အောင်ဘုရားကြီး၌ (၃၂)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်သည့်အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီခန့်က အဆိုပါဘုရားကြီး ဂန္ဓကုဋီတိုက်အတွင်း၌ ဆင်ယင်ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဗုဒ္ဓဘာသာနွယ်ဝင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အသံမစဲအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်ခြင်းအခမ်းအနား ကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသောဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဂေါပကအဖွဲ့ဝင်တစ်ဦးက အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲဖြစ်မြောက်ရေးဂေါပကအဖွဲ့၏ ဆောင်ရွက်ချက်များကို လျှောက်ထားတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့သည် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များက ဗုဒ္ဓဿသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ပြီး ရတနာရွေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)