နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ(၇/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ အောက်တိုဘာ ၁၈

ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ ၏(၇/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမှန်တကယ်စိုက်ပျိုးမွေးမြူ လုပ်ကိုင်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အထောက်အကူပြုနိုင်သည့် လုပ်ငန်းရှင်များအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို အမြန်ဆုံးထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အတည်ပြုထားသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကွင်းဆင်းစိစစ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေးပေးဖို့လိုကြောင်း၊ အစည်းအဝေးသို့တက်ရောက်လာသူများမှလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော်ရာ၌ လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က အချိန်ကာလတိုအတွင်း လျင်လျင်မြန်မြန်ဖြင့် အကျိုးအမြတ်ရရှိနိုင်မည့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့်စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များက ငါးမွေးမြူရေး၊ ဆန်စက်၊ ဆီစက် စသည့် သမဝါယမအသင်းအဖွဲ့များဖွဲ့စည်း၍ ချေးငွေထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကော်မတီဖွဲ့စည်းထားမှုအခြေအနေများ၊ အရင်းမပျောက်မတည်ငွေဖြင့် ပေါင်းစည်းလယ်ယာ(ငါးကဏ္ဍ) ဆောင်ရွက်မည့်အခြေအနေများ၊ ပိုင်ဆိုင်မှုနှင့်ချေးငွေယူမည့်ပမာဏ၊ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးစီးမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာသော ခရိုင်၊ မြို့နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီများက သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာများအလိုက် တောင်သူများ၏ စိုက်ဧကများနှင့် ချေးငွေပမာဏများ၊ ထုတ်ချေးပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)