ဖျာပုံမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်

ဖျာပုံ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ် နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်း၍ စာပေကိုချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၁)နာရီ အချိန်က ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (BookClub) ဥက္ကဋ္ဌ စာရေးဆရာ ကဗျာဆရာ ဇေယျာဘုန်းမြင့်၊ အဖွဲ့ဝင်ဆရာကြီး ဦးကြည်မြင့်တို့က မိဘများက သားသမီးများအပေါ် မေတ္တာတရား ကျေးဇူးကြီးမားပုံ ဘဝပေးသင်ခန်းစာပေးမှုများနှင့် ပတ်သက်၍ ပညာပေး ဆွေးနွေးပြောကြားကြသည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက စာရေးဆရာ ဦးကျော်မြင့် (မောင်ယဉ်မိုး) က စာရေးဆရာမြသန်းတင့်ရေးသားသည့် "အပြာရောင်ညနေ ဆည်းဆာများ" စာအုပ်မှ "အသိတရားရဲ့ ရေသောက်မြစ်နှစ်သွယ်" ဆောင်းပါးမှ လူ့ဘဝတွင် တွေကြုံနေရသည့် အခက်အခဲများနှင့် ပတ်သက်၍ အဓိကအကျဆုံးဖြစ်သော ရေသောက်မြစ် နှစ်သွယ်တွင် လူ့အဖွဲ့အစည်းထဲကရသော ဘဝအသိနှင့် စာကြည့်တိုက် စာအုပ်၊ စာပေက ရသော ဘဝအသိစတဲ့ အသိတရားရတဲ့လမ်းသွယ်နှစ်ခုမှာ လူ့အဖွဲ့အစည်းက ရတဲ့အသိ တရားသည် တိုက်ရိုက်ရပြီး စာကြည့်တိုက်စာအုပ်၊ စာပေထဲကရတဲ့ဘဝအသိက၊ ဘဝအသိတရားကို သွယ်ဝိုက်ပေးပုံတို့နှင့် စာအုပ်၊ စာပေဟာ အသိတရားကို အကောင်းဆုံး ဖြည့်ဆည်းပေးသော ရတနာတစ်ခုဖြစ်ကြောင်း၊ လူရယ်လို့ဖြစ်လာပြီဆိုရင် အလုပ်တစ်ခုခုကို လုပ်ဆောင်ရမှာဖြစ်ပြီး အသိပညာ ဗဟုသုတများ တိုးပွားရန် စာအုပ်စာပေလေ့လာဖတ်ရှုဖို့ လိုကြောင်း "အသိတရားရဲ့ ရေသောက်မြစ်နှစ်သွယ်" ဆောင်းပါးအား အသိပညာပေး ဆွေးနွေးပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေ ဝါသနာရှင်များ​က အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)