ဘားအံ အောက်တိုဘာ ၁၈
ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အခြေခံပညာကျောင်းများတွင် လိုအပ်ချက်ရှိသော ကျောင်းဆောင်တည် ဆောက်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကျောင်းဆောင်များအတွက် လိုအပ်သော ပရိဘောဂများကိုလည်း နှစ်အလိုက် ခွဲဝေခွင့်ပြုပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ အခြေခံပညာကျောင်းများသို့ စာရေးခုံနိမ့်ရှည်များ ဖြည့်ဆည်းပေးအပ်ခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကျောင်းသုံးပရိဘောဂများကို ဘဏ္ဍာနှစ်အလိုက် ခွဲဝေခွင့်ပြုပေးလျက်ရှိသော်လည်း နှစ်ကာလကြာမြင့်လာ၍ ပျက်စီးမှုများရှိသကဲ့သို့ ကျောင်းသားဦး ရေအရ လိုအပ်ချက်များ ရှိလာပြီး ထိုက်သင့်သလို ဖြည့်ဆည်းဆောင်ရွက်ပေးနေသော်လည်း ပြည့်စုံမှုရှိလာသလို လိုအပ်ချက်များလည်းရှိနေဆဲ ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ပထမအကြိမ် တစ်ယောက်ထိုင်စာရေးခုံမြင့် (၃၀၀) လုံးနှင့် ထိုင်ခုံ (၂၀၀) လုံးကို လှူဒါန်းပေးခဲ့ပြီး ယခုတွင်လည်း အခြေခံပညာကျောင်း (၁၀) ကျောင်းသို့ စာရေးခုံနိမ့်ရှည်များ ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်တို့က အခြေခံပညာ ကျောင်း (၁၀) ကျောင်းသို့ စာရေးခုံနိမ့်ရှည်များ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အဆိုပါ စာရေးခုံ နိမ့်ရှည်များကို The Best 5 Co.,ltd မှ ငွေကျပ်သိန်း (၃၀) တန်ဖိုးရှိ စာရေးခုံနိမ့်ရှည် (၅၀) စုံ၊ ဇေမင်းကုမ္ပဏီမှ ငွေကျပ်သိန်း (၁၈) သိန်းတန်ဖိုးရှိ စာရေးခုံနိမ့်ရှည် (၃၀) စုံ၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ငွေကျပ် (၁၂) သိန်းတန်ဖိုးရှိ စာရေးခုံနိမ့်ရှည် (၁၂) စုံတို့ကို လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ယင်းနောက် အခြေခံပညာကျောင်းများကိုယ်စား ကျောင်းအုပ်ဆရာမကြီးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စာရေးခုံနိမ့်ရှည်များအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)