ဖျာပုံမြို့နယ်၊ အမာမြို့၊ မျက်ခါးကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အမာ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဖျာပုံမြို့နယ်၊ အမာမြို့၊ ကျောင်းကုန်းကျေးရွာအုပ်စု၊ မျက်ခါးကျေးရွာနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများနှင့် တွေ့ဆုံ၍ ကျေးရွာလုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းတို့ကို​ ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က မျက်ခါးကျေးရွာ၊ ဇေယျာဘုမ္မိ ကျောင်းတိုက်၊ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်က ယခုကဲ့သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့​၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပူးပေါင်း၍ ​ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသလုံခြုံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး၊​ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူး ငွေမင်းထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးနိုင်ဦးတို့က ကျေးရွာ လုံခြုံရေးနှင့် ရပ်ရွာတည်ငြိမ် အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားပြီး မြို့နယ်လဝကရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်ဦးမှ အိမ်ထောင်စု လူဦးရေ စာရင်းပြုလုပ်ပေးခြင်း၊  မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့သက်ဆိုင်ရာဌာနအလိုက် ကျေးရွာနေ ပြည်သူများအား ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး ပြောကြားကြပြီး တက်ရောက် လာကြသော ပြည်သူများက ကျေးရွာအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ဒေသ ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့်အခက်အခဲများအား တင်ပြကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒေသခံပြည်သူများအတွက် သက်သာသော စျေးနှုန်းဖြင့် အချွန်ဆန်တစ်ပြည် (၁၅၀၀)ကျပ်နှုန်း၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် တာဝန်ရှိသူများက ရောင်းချပေးကြပြီး၊ ကျန်းမာရေးဦးစီး ဌာန တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/ဆက်)