ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပဲတောင့်ရှည် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ပြည်ကြီးမဏ္ဍိုင်  အောက်တိုဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်းရှိ ဒေသခံများအနေဖြင့် မြေအောက်ရေကို စနစ်တကျအသုံးပြု၍ ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်းရာသီမရွေးစိုက်ပျိုးလုပ်ကိုင်ကြရာ မိသားစုစားနပ်ရိက္ခာဖူလုံမှုရှိသည့်အပြင် အပိုဝင်ငွေရရှိ ကြောင်းသိရသည်။

ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်းရှိ ဒေသခံများသည် တစ်နိုင်တစ်ပိုင်အဖြစ်  ဟင်းသီးဟင်းရွက်စားပင် သီးနှံများ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြကြောင်းသိရသည်။စားပင်သီးပင်များစိုက်ပျိုးရာ၌သီးနှံ တစ်မျိုး တည်းစိုက်ပျိုးခြင်းအစား စားနပ်ရိက္ခာဖူလုံမှုအပြင် အပိုဝင်ငွေရရှိရေးအတွက် သီးထပ်သီးညှပ်အဖြစ် ရုံးပတီ၊ ပဲတောင့်ရှည်နှင့် ခရမ်းများကိုရောနှောစိုက်ပျိုးကြကြောင်း သိရသည်။ 

ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်းနှင့် ပဲတောင့်ရှည် မျိုးစေ့တစ်ထုတ်လျှင် ၆၅၀၀ ကျပ်ပေးဝယ်ရပြီး ဘောင်များပြုလုပ်ကာတစ်ပင်နှင့်တစ်ပင် လေးလက်မခန့်အကွာ မျိုးစေ့ချစိုက်ပျိုးရာ(၃၇)ရက်အကြာတွင်စတင်ခူးဆွတ်နိုင်ပြီဖြစ်သည်။ နှစ်ပတ်လျှင်တစ်ကြိမ် ခူးဆွတ်ပြီးတစ်ကြိမ်ခူးလျှင် အတောင့်(၅၀၀)မှ(၆၀၀)အထိရရှိပြီးရောင်းချရာတွင်လည်း ယခင်က ၅တောင့် တစ် စည်းလျှင် (၁၀၀)ကျပ် ဖြင့်ရောင်းချရာ ယခုအခါတွင် အတောင့် (၂၀)တစ်စည်းလျှင်(၅၀၀) ကျပ် ဖြင့် တစ်သောင်းခွဲမှ နှစ်သောင်းအထိ ရရှိကြောင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးသူ  ဒေါ်ငယ်ငယ်ထံမှ သိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)