ကြံခင်း အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Youth Club အဖွဲ့များ ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသား စောချစ်ရေးသားသော "ပန်းများပွင့်စေ မွှေးစေသူ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
စာဖတ်ဝိုင်းများ ကျင်းပခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေပြီး စာပေမှရရှိသည့် အသိပညာ ဗဟုသုတဖြင့် အသိပညာဗဟုသုတများ ဖလှယ်နိုင်ရန်၊ အချင်းချင်း ပူးပေါင်းညှိနှိုင်း တိုင်ပင်ဆွေးနွေး တတ်သည့် အလေ့အထတိုးပွားစေရန် ရည်ရွယ်ကြောင်း ဒုတိယ ဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက ပြောကြားသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက စာရေးဆရာ လယ်တွင်းသား စောချစ် ရေးသားသော “ပန်းများပွင့်စေ မွှေးစေသူ” စာအုပ်မှ ကလေးငယ်လေးများကို ပန်းကလေးများဖြင့် နှိုင်းယှဉ်ပြီး ဆရာ၊ ဆရာမများက စာသင်ကျောင်းထဲမှ ပန်းလေးတွေကို ရုပ်ပိုင်း၊ စိတ်ပိုင်းထိခိုက်မှုမရှိစေရေး စိတ်ထား၊ စေတနာ၊ မေတ္တာအလှတို့ဖြင့် ပညာပြည့်ဝအောင် ပျိုးထောင်ပေးသည့် ဥယျာဉ်မှူးများအဖြစ် ပုံဖော်ရေးသား ထားကြောင်းကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Youth Club အဖွဲ့ဝင်များက မိမိတို့၏ သဘောထားအမြင်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြ သည်။
မြို့နယ်(ပြန်/ဆက်)