ဒေးဒရဲမြို့၌ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး

ဒေးဒရဲ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်​ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယနေ့ နံနက် (၁၁) နာရီက ​တိုးကျေးရွာအုပ်စု၊ တိုးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင်  ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် ကျေးရွာနေ ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် အလေးထား ဆောင်ရွက်သွားရန်၊ ပြည်သူများအနေဖြင့် ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးနှင့် လူမှုရေးအကျိုးပြုလုပ်ငန်းများကို အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး နေမှုများ၊ ပန်းခင်းစီမံချက် (၂)ဖြင့် အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကျေးရွာများ အရောက် ကွင်းဆင်းပြုလုပ်နေမှုများကို ရှင်းလင်းဆွေးနွေးခြင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးကိစ္စရပ်များနှင့် ပြည်သူများအနေဖြင့် ကောလာဟာလ သတင်းအမှား များကို မယုံကြည်ကြဘဲ သတင်းအမှန်များကို လေ့လာဖတ်ရှုကြရန် ဆွေးနွေး ဟောပြောခြင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများ၊ စာသင်ဆောင် လိုအပ်ချက်များ၊ စိုက်ပျိုးရေး နည်းလမ်းကောင်းများ၊ နွေစပါးရေလုံလောက်စွာရရှိရေး၊ သွင်းအားစုလုပ်ငန်းများ စျေးနှုန်းချိုသာစွာ ရရှိနိုင်ရေးနှင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ ဆွေးနွေးခြင်း၊  နွေစပါးစိုက်ပျိုး မည့် တောင်သူများကို မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး ပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခြင်း၊ စိုက်ပျိုးရေနှင့် ရေကြောင်းခရီးသွားလာမှု အဆင်ပြေ စေရေးအတွက် ချောင်းကော၊ မြောင်းကောများ တူးဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းများတွင် ဒေသခံပြည်သူ များ ပူးပေါင်းဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးခဲ့ကြ သည်။

ယင်းနောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများကို သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း