ကမမောင်းမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေးနံရံကပ်စာစောင်များပြသ

ကမမောင်း အောက်တိုဘာ ၁၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ဖို့တာဝန်ကိုယ်စီယူကြစို့အကြောင်းနှင့် ကလေးအလုပ်သမားပ ပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၂) နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ချိတ်ဆွဲပြသခဲ့ကြောင်းသိရသည်။

နံရံကပ်စာစောင်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံးပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ကလေးအလုပ်သမား ပပျောက်ရေးအတွက်နိုင်ငံသားအားလုံးပူးပေါင်းဆောင်ရွက်ရန်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ ကလေးအလုပ်သမားဟူသည်အဘယ်နည်း၊ ကလေးအလုပ်သမားသည် တရားမဝင်ကြောင်းစသည့် အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် နံရံကပ်စာစောင်များကို ချိတ်ဆွဲပြသ ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များဖြစ်သည့် လူကုန်ကူးသူများအသုံးပြုနိုင်သောနည်းလမ်းများအကြောင်း၊ လူကုန်ကူးဆိုင်ရာပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့်လိုအပ်ချက်များအကြောင်း၊ သတိပြုရမည့်သူများအကြောင်းနှင့် ဘေးအန္တရာယ်ကျရောက်သော ကလေးအလုပ်သမားများအကြောင်းသိ‌ကောင်းစရာများ အသိပညာပေးစသည့်အချက်များပါဝင်သော နံရံကပ်စာစောင်များကို ပြသလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

သန့်ဇင်(ပြန်/ဆက်)