လိပ်သိုမြို့တွင် ကြက်ပေါင်သီးများပေါ်ချိန် အရောင်းအဝယ်ဖြစ်၍ ဆွတ်ခူးရောင်းချသူ ဒေသခံမိသားစုများ အပိုဝင်ငွေရရှိ

လိပ်သို  အောက်တိုဘာ  ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဥယျာဉ်ခြံသီးနှံများကို  အဓိကစိုက်ပျိုးလျက်ရှိရာ ကျေးရွာအချို့ရှိ ဥယျာဉ်ခြံများတွင် သဘာ၀အလျောက် အလေ့ကျပေါက်ရောက်ရှင်သန်လျက်ရှိသော  ကြက်ပေါင်သီးများ အရောင်းအဝယ် ဖြစ်၍  လိုက်လံဆွတ်ခူးရောင်းချသူ ဒေသခံမိသားစုများ အပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကြက်ပေါင်သီးများမှာ ချဉ်သောအရသာရှိသော နွယ်ပင်မျိုးဖြစ်၍ စိုက်ပျိုးထားမှုမရှိဘဲ သဘာဝအလျောက် ဥယျာဉ်ခြံရှိသစ်ပင်များတွင် တွယ်ကပ်ရှင်သန်လျက်ရှိရာ ဒေသခံဥယျာဉ်ခြံပိုင်ရှင်များက  ပြုစုထိန်းသိမ်းစောင့်ရှောက်ထားကြပြီး အသီးများရင့်မှည့်လာချိန်တွင် ဆွတ်ခူးရောင်းချ စားသုံးနိုင်ကြောင်း သိရသည်။

အဆိုပါ ကြက်ပေါင်သီးများကို ဒေသခံများက သရေစာအဖြစ်စားသုံးခြင်းအပြင် ဟင်းလျာအဖြစ် စားသုံးခဲ့ကြရာမှ နှစ်သက်စားသုံးသူများပြားလာကာ စားဖိုဆောင်သီးနှံအဖြစ် ရောက်ရှိလာပြီး စားသုံးရန်နှင့် လက်ဆောင်ပေးရန် ဝယ်ယူမှုများပြားလျက်ရှိသည်။ ယခုအခါ လိပ်သိုမြို့ပေါ်ရှိ  ဈေးဆိုင်အချို့တွင် ကြက်ပေါင်သီး (၃) လုံးကို ငွေကျပ် (၁၀ဝိ/) ရှိပြီး တစ်ပိဿာလျှင် ကျပ် (၁၀၀ဝိ/-) ဖြင့် လက်လီရောင်းချလျက်ရှိသည့်အပြင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှ ပွဲစားများက မော်တော်ဆိုင်ကယ်များဖြင့် လာရောက်ဝယ်ယူ၍ ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)